
FRC Genocide Podcast Series (မြန်မာပိုင်းအစီအစဉ်)
ဒေါက်တာမောင်ဇာနည် စီစဉ်တင်ဆက်သည်။
ဒီဆွေးနွေးခန်းမှာ ရန်ကုန်မြို့အခြေစိုက် တမ္ပဒီပအင်စီကျူ့ရဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ပါဝင်ဆွေးနွေးထားပါတယ်။
ဆွေးနွေးထားတာတွေကတော့
(၁) ဒေါက်တာခင်ဇော်ဝင်းရဲ့ဖခင်က မြန်မာသံတမန်တစ်ဦးဖြစ်ပြီး၊ သူ့ရဲ့ဘဝအစောပိုင်းမှာ လူမျိုးပေါင်းစုံမှီတင်းနေထိုင်တဲ့ ရန်ကုန်မြို့နဲ့ နယူးဒေလီမြို့တွေမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တာကို နားလည်လာခဲ့တဲ့အကြောင်း
(၂) မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လက်ထက်မှာ (၁၁) နှစ်ကြာ အကျဉ်းကျခံခဲ့ရတဲ့ အတွေ့အကြုံ
(၃) အကျဉ်းထောင်က လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာလူမျိုးများအတွက် အခြေအနေတွေ ပြောင်းလဲလာဖို့ လှုပ်ရှားနေတဲ့အကြောင်း
(၄) ရန်ကုန်မြို့မှာ တမ္ပဒီပအင်စတီကျူ့ကို တည်ထောင်ပြီး မျိုးဆက်သစ်တွေမှာ ပညာရှင်တွေ ပေါ်ထွန်းလာဖို့ အသိပညာတွေပြန့်ပွားလာအောင် လုပ်ဆောင်နေတဲ့ အကြောင်း – စတာတွေကို စုံစုံလင်လင် ဆွေးနွေးပြောဆိုထားပါတယ်။
ဒေါက်တာခင်ဇော်ဝင်းက ရန်ကုန်မြို့အခြေစိုက် တမ္ပဒီပအင်စတီကျူ့ရဲ့ ညွန်ကြားရေးမှူး ဖြစ်ပြီး၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒများ၊ နိုင်ငံတွင်း အမျိုးသားရေး စိတ်ဓါတ်ပြင်းထန်နေတာတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခင်က မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံ ဆာဗားပြည်နယ်တွေက ကျန်းမာရေးဌာနတွေမှာ လုပ်ကိုင်ခဲ့ပြီး၊ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (National University of Singapore) ကနေ ပြည်သူ့မူဝါဒနဲ့ ပတ်သက်တဲ့ မဟာဘွဲ့ ရရှိခဲ့ပါတယ်။
ဒေါက်တာခင်ဇော်ဝင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို နိုင်ငံတော်အကြည်ညိုပျက်အောင် ရေးသားတယ်လို့ စစ်အာဏာရှင်တွေက စွပ်စွဲပြီး ၁၉၉၄ ကနေ ၂၀၀၅ ခုနှစ်ထိ ၁၁ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။
Friedrich Ebert Foundation (New York Office) ရဲ့ သုတေသီနဲ့ University of Birmingham မှာ UK FCO Chevening သုတေသီ ဖြစ်ခဲ့ပါတယ်။
ယခုအချိန်မှာတော့ ရိုဟင်ဂျာအရေးကို အနီးကပ်လေ့လာ စောင့်ကြည့်ပြီး၊ ဖြေရှင်းရေးမှာ အထောက်အကူ ပြုနေပါတယ်။
ဒေါက်တာခင်ဇော်ဝင်းရဲ့ လတ်တစ်လောဆောင်းပါး What Lurks beyond the Belt and Road in Myanmar? ကို New Mandala မှာ ဖတ်ရှုနိုင်ပါတယ်။